"သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားတယ်"ဆိုလား။ တစ်သောင်း ဘယ်ကမလဲ။
ဝိနည်းပိဋကတ်တော်မှာ သစ်ပင်ကအသက်ရှိတယ်လို့ပြောပြီး ရဟန်းတွေသစ်ပင်မခုတ်ရ အောက်ထစ်ဆုံး မြက်ပင်တွေတောင် မနုတ်ရလို့ ပညတ်ထားခဲ့တယ်။ သစ်ပင်ခုတ်ရင်း သစ်ပင်ပေါ်မှာနေတဲ့ ရုက္ခစိုးရဲ့သားလေးလက်တစ်ဖက်ကို ခုတ်မိလို့ ရုက္ခစိုးသားလေး လက်တစ်ဖက်ပျက်သွားတယ်။ ရုက္ခစိုးကလည်း သစ်ပင်ခုတ်တဲ့ရဟန်းအမျက်ထွက်သွားတယ်။ အဲဒီအထောက်အထားကို ကိုးကားရင် လူ တိရစ္ဆာန်တွေတင်မကဘူး မမြင်ရတဲ့နတ်ဒေဝါတွေလည်း သစ်ပင်ကို မှီခိုကြရတာဘဲ။
သုတ္တန်မှာ သစ်ပင်ထူထပ်တဲ့ တောအရပ်မှာ တိတ်ဆိတ်စွာ ရဟန်းများ တရားကျင့်ကြံကြတယ်။ သစ်ရိပ်တောရိပ်ကိုမှီခိုပြီး သူတော်ကောင်းများ တရားအားထုတ်ကြတယ်။ သစ်ပင်တွေရဲ့အဖူးအပွင့် လှပမှု၊တောနေရဟန်းများရဲ့ သီလခိုင်မြဲမှု တောစောင့်နတ်တောင်စောင့်နတ်များရဲ့ သဒ္ဓါတရားရင့်သန်မှုတွေကိုရေးဖွဲ့ပြီး သူတို့ကြားကအပြန်အလှန်မေတ္တာတရားတွေရဲ့ အလှအပ အနှောင်အဖွဲ့တွေကို မြင်နေရပါတယ်။
လောကနီတိမှာတော့ အရိပ်ငါးပါးထဲမှာ ပထမဆုံးအနေနဲ့ သစ်ရိပ်ဝါးရိပ်ကို ညွန်ပြထားတယ်။ သစ်ပင်ရဲ့တန်ဖိုးကို သမိုင်းနဲ့ချီပြီး သယ်ဆောင်လာတဲ့စာပေတွေထဲမှာတောင် ခေတ်အဆက်ဆက်ပညာရှင်တွေက ချီးမွမ်းထောပနာခဲ့ကြတယ်။ အခုထိလည်း သစ်ပင်ရဲ့တန်ဖိုးကို တို့တွေပြောလို့ မကုန်နိုင်သေးဘူးလေ။
ဒီပုံထဲမှာ မြင်နေရတဲ့ သရက်ပင်အိုးကြီးကတော့ တို့မမွေးသေးခင်ကအပင်ဖြစ်ချင်ဖြစ်မယ်ထင်တယ်။ သတိရမိသလောက်ပြောရရင် ကိုယ်တွေရှစ်နှစ်သားအရွယ်မှာတော့ ဒီသရက်ပင်က အပင်ကကြီးကြီး၊ အသီးကလည်းချိုချိုနဲ့မို့ တက်ခူးလို့မရတာနဲ့ သရက်သီး အကြွေကို စောင့်နေခဲ့ကြဖူးတယ်လေ။ အပွင့်ဖူးချိန်၊ ရွက်နုထွက်ချိန်၊ အသီးသီးချိန် နဲ့ ရွက်ဟောင်းကြွေချိန်အထိ ဒီအပင်အောက်မှာ တို့တွေ အချိန်အကြာကြီး နားခိုခဲ့ရတယ်။
ပျံတော်မူသွားပြီဖြစ်တဲ့ ဆရာတော် ဦးပုညလက်ထက်မှာ သရက်ပင်အောက် အပင်ရဲ့ပတ်ပတ်လည်မှာ သစ်သားထိုင်ခုံလေးလုပ်ထားပြီး ရောက်လာသူမည်သည့် ဧည့်သည်မဆို သရက်ပင်အောက် အနားယူခဲ့ကြတယ်။ သရက်သီးလည်း စားခဲ့ကြတယ်။ ဒီသရက်ပင်အောက်မှာ အပင်လှလှ အရိပ်ကောင်းကောင်း အသီးချိုချို လေအေးနုနုလေးတွေကို သတိရတဲ့သူ အရေအတွက်က နည်းမယ်မထင်ပါဘူး။
အပင်ကြီးသွားလို့ အသီးလည်းဆက်မသီးနိုင် အခက်လည်းဆက်မထွက်နိုင်တော့တဲ့အချိန် ၂၀၁၇ ခုနှစ်မှာ သရက်ပင်ရဲ့အသက်က ဘယ်လောက်ရှိမှန်း သေသေချာချာမသိပေမယ့် ဇရာတရားကို သူလက်ခံခဲ့ရပြီ။ ရွက်နုမထွက်ခင် အသီးမသီးခင် မြင်တွေ့နေကျဖြစ်တဲ့ သရက်ပွင့် အဖူးအငုံ သေးသေးလေးတွေ မတွေ့ရတော့ပါဘူး။ နေထိုးလို့မပေါက်တဲ့ သရက်ပင်ကြီးကလည်း အရွက်တွေတိုးကျိုးကြဲတဲနဲ့ နေရောင်ခြဉ်က အရွက်ကိုထိုးဖောက်ပြီး အပင်အောက်ထိရောက်လာခဲ့လေပြီ။
အပင်အိုကြီးက မသေသေးပေမယ့်လည်း မသီးနိုင် မပွင့်နိုင်တာကလွဲရင် သူသန်သန်မာမာ ရှိနေဆဲ။ ကိုရိုနာကာလလည်း အေးအေးဆေးဆေး ဖြတ်ကျော်ခဲ့ရတယ်။ ကျောင်းမှာဖြစ်သွားတဲ့ စစ်ပွဲကိုလည်း မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်။ သူတားလို့ရတဲ့အရာမှမဟုတ်တာ ရပ်ကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ရှာဘူး။ သူလည်း ဒီရွာကလူတွေလိုဘဲ စစ်ဘေးစစ်ဒဏ်လည်း ကြုံတွေခဲ့ရတယ်။ ရွာသူရွာသားများ အခြားဒေသမှာ စစ်ဘေးရှောင်ကြလို့ ဒီနေရာမှာ သူတစ်ပင်တည်းကျန်ခဲ့တယ်။ ဘယ်ကလာမှန်းမသိတဲ့ လက်နက်ကိုင်ထားတဲ့ သူစိမ်းတွေအများကြီး လာနေကြတာလည်း သူတွေ့မြင်ခဲ့ရတယ်။ ရွာသူရွာသားတွေပြန်လာတဲ့အထိ သူစိတ်ရှည်လက်ရှည် စောင့်နေခဲ့တယ်။
2025 ခုနှစ်လောက်ကစပြီး တဖြေးဖြေးနဲ့ ရွာသူရွာသားများလည်း ပြန်လာကြ ကျောင်းကသံဃာတော်တွေလည်း ပြန်ရောက်လာလို့ အလှူပွဲတွေ ကျောင်းတက်ပွဲတွေလည်း ပြန်မြင်လာရတယ်။ စာသင်တဲ့ကျောင်းသားတွေ ဆရာဆရာမတွေရောက်လာတော့လည်း သစ်ပင်အိုကြီးခများမှာ အရိပ်သာမပေးနိုင်တော့ပေမယ့် မိသားစုဝင်ရွာသူရွာသားတွေ ပြန်မြင်ရလို့ ဝမ်းသာနေရှာတယ်။ အရင်လိုအချိန်တွေကို သူပြန်သတိရသွားတယ်။ ခဏသာ ပြန်ငယ်သွားသလိုတောင် ခံစားရတယ်။ သစ်ပင်အိုကြီးမှာ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျတယ်။ အခုက မိုးရာသီအတွင်းဆိုတော့ ရွာတဲ့မိုးရည်နဲ့ရောနေလို့ဖြစ်မယ် သစ်ပင်အိုကြီးမျက်ရည်ကို မိုးရေထင်ပြီး ရွာသူရွာသားတွေ သရက်ပင်အိုကြီး မျက်ရည်ကျတာ တော်တော်များများ မသိလိုက်ကြဘူး။ သူကလည်း ဒီရွာသာလေးဗျာ၊ ဒီရွာကလူတွေပျော်ရင် သူလည်းပျော်တာပေါ့။
ဒီနေ့တော့ သူအနားယူသွားပြီ။ မမြဲချင်းအနိစ္စတရားက လူတွေတင်မကဘူး သစ်ပင်လည်းကြုံရတာဘဲ။ ပျိုနုစဉ်အချိန်တုန်းက သူအစွမ်းကုန်သူ လှပပေးခဲ့တယ်။ အားသန်စဉ်အချိန်တုန်းက အသီးတွေ အပွင့်တွေ အရွက်တွေ သီးပေး ပွင့်ပေး ရွက်နုတွေစွင့်ပေးခဲ့တယ်။ တစ်ရာသီပြီးတစ်ရာသီ တစ်ချိန်ပြီးတစ်ချိန် တစ်နှစ်ပြီးတစ်နှစ် သူသီးသမျှအသီး ပွင့်သမျှ အရွက်နုနုလေးတွေ အားလုံးဟာ ဒီကျောင်းမှာရှိနေတဲ့ သူတွေအတွက် ဒီရွာမှာနေတဲ့သူတွေအရွက် သရက်သီးစားရအောင် သရက်ရွက်လေးသုတ်စားလို့ရအောင် သူပေးဆပ်ခဲ့တယ်၊ စွန့်လွတ်ခဲ့တယ်၊ တစ်ပင်လုံးစာ စတေးပေးခဲ့တယ်။
နောက်တစ်ခု သူပြောသွားတယ်။ ငါအသက်မရှိတော့ရင် ငါ့ရဲ့အပင်က ပင်စည်တွေကြီးတယ်၊ သစ်ဖြတ်သမားကောင်းကောင်းခေါ်ပြီး အရင်းပိုင်းကိုပျဉ်လုပ်ပေးပါ။ ဒီရွာကလူတွေ နံရံဖြစ်စေ အခင်းဖြစ်စေ လုပ်လို့ရအောင်၊ အထက်ပိုင်းအခက်တွေကလည်းကြီးတယ် မဆွေးခင် အတုံးခပ်ကြီးကြီးဖြတ်ပြီး အရိပ်ရတဲ့သစ်ပင်အောက်မှာထားပေးပါ။ ဒီရွာကလူတွေ စားပွဲခုံဖြစ်ဖြစ် ထိုင်ခုံဖြစ်ဖြစ် အသုံးပြုလုပ်ရအောင်၊ ဆွေးသွားရင်လည်း အလကားတော့ လွင့်မပစ်ပါနဲ့ ဒီရွာကလူတွေအေးလို့လှုံဖို့ဘဲဖြစ်ဖြစ် ထမင်းချက်ဖို့ဘဲဖြစ်ဖြစ် ထင်းတော့လုပ်ပေးပါလို့ ပြောသွားတယ်။
သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားလို့ရတယ်တဲ့၊ ဟုတ်လား။ ဒီရွာကလူတွေ ရယ်ချင်တာပေါ့။ ငှက်မကဘူး၊ လူရော နတ်ရော အများကြီးပါတယ်။ တစ်သောင်းလည်းမကဘူး၊ သိန်းသန်းကုဋေလည်းမကဘူး။ လမ်းသင့်လို့ဝင်ပြောလိုက်ဦးမယ်၊ ရန်ကော်-လွိုင်ကော် လိုင်းကား "သိန်းသန်းကုဋေ" ဆိုတဲ့ကားကြီးလည်း တို့ရွာထဲကို နေ့တိုင်းဖြတ်သွားဖြတ်လာဘဲ။ သစ်ပင်ကြီးလည်း အဲဒီကားကြီးကို နေ့တိုင်းမြင်ရတယ်။ သစ်ပင်ကြီးက ဘာပြောလဲသိလား။ သိန်းသန်းကုဋေ ဆိုတာ ပမာဏကို ကန့်သတ်ထားတဲ့ ဂဏန်းတစ်ခုဘဲ။ ဒီရွာသားတွေကို ငါချစ်တာက သိန်းသန်းကုဋေမကဘူး။ ပမာဏအကန့်အသတ်မရှိဘူးတဲ့။
တို့ရွာသားတွေလည်းသိတယ်လေ၊ ဒီသရက်ပင်ရဲ့တန်ဖိုးက သိန်းသန်းကုဋေမကဘူး။
ထောင်သောင်းမကဘူး၊ သိန်းသန်းကုဋေမကဘူး၊ အကန့်အသတ်မရှိဘူး။ ဒီသစ်ပင်ကြီးကို အကြောင်းပြုပြီးတော့ အသီးချိုချို သရက်ပင်လေးတွေလည်းစိုက်ထားတယ်၊ အရိပ်ကောင်းကောင်း အပွင့်လှလှ ကံ့ကောက်ပင်လည်းစိုက်ထားတယ်။ တစ်ခုခုဖြစ်ရင် ဒီသရက်ပင်လိုတစ်ပင်တည်း အထီးမကျန်အောင် အပင်များများစိုက်ထားရဦးမယ်။ မလိုအပ်ဘဲ အပင်မခုတ်ဘဲ ထားပါ့မယ်။ အရိပ်လိုချင်ရင် သစ်ပင်ကိုတန်ဖိုးထားပါ။
သစ်ပင်တန်ဖိုးကို နားလည်နိုင်ကြပါစေ။
အားလုံးလည်း ရွှင်လန်းကြပါစေ။ ။
Nandiya Bhikkhu Pekhon
04.08.2026 2:00 PM